ဆီးချိုရောဂါ ကို အင်္ဂလိပ် ဆေးပညာ စကားလုံးနဲ့ Diabetes mellitus ( ဒိုင်အာဘိတိစ် မလိုက်တပ်စ်) လို့ခေါ်ပါတယ်။ ဆီးချိုရောဂါ ဟာ ခန္ဓာကိုယ် မှာရှိတဲ့ ဂလူးကိုစ့်ဓာတ်နဲ့ ပတ်သက်တဲ့ ဇီဝဓာတု (မက်တာဘိုးလစ်ဖြစ်စဉ်) တစ်ခု ကမောက်ကမ ဖြစ်တဲ့အတွက် ဖြစ်ပေါ်ရတဲ့ ဝေဒနာစု တစ်ခု ဖြစ်ပါတယ်။ ဆီးချို ရောဂါ ဖြစ်လေ့ရှိတဲ့ အကြောင်းရင်းနှစ်ချက် ကတော့ မျိုးရိုးဗီဇ (မျိုးရိုးလိုက်ခြင်း) အနေအထိုင်ဘ၀ ပတ်ဝန်းကျင် ကြောင့်ရယ် ဖြစ်တယ်။ (ဒီနေရာမှာ အနေအထိုင် ဘ၀ ပတ်ဝန်းကျင် ဆိုတာကတော့ အထိုင်များတာ အ၀လွန် အစားအစာ တွေစားတာတို့လို အလွန်အမင်း ဇိမ်ကျကျ နေထိုင်မှုမျိုးကို ဆိုလိုပါတယ်။ မျိုးရိုးဗီဇရဲ့အပြစ် မဟုတ်ပါဘဲ မိမိ နေပုံထိုင်ပုံ အဆင်မပြေ အချိုးမကျလို့ ဆီးချို ဖြစ်ရတာကို ဆိုလိုပါတယ်။)

ဒီအချက်တွေ ပုံစံတကျ မဖြစ်တဲ့ အခါ ခန္ဓာကိုယ်ရဲ့ ဂလူးကိုစ့်ဓာတ် (သကြားဓာတ်)နဲ့ ပတ်သက်တဲ့ ဇီဝကမ္မဖြစ်စဉ် ချို့ယွင်း ဖောက်ပြန် သွားတယ်။ အဲဒီအခါ လူ့ကိုယ်ခန္ဓာ ရဲ့ သွေးထဲမှာ သကြားဓာတ် ပမာဏအဆင့် မြင့်တက် လာပါတယ်။ အဲဒီလို မြင့်တက်တာကို အင်္ဂလိပ် ဆေးပညာ စကားလုံးနဲ့ (hyperglycemia ဟိုက်ပါဂလိုက်ဆီးမီးယား) လို့ခေါ်ပါတယ်။

တကယ်တော့ သွေးထဲမှာရှိတဲ့ သကြားဓာတ် ပမာဏကို ထိန်းချုပ်တာကတော့ လူ့ခန္ဓာကိုယ်ထဲက ဓာတုပစ္စည်း များနဲ့ ဟိုမုန်းတွေပါပဲ။ ဟိုမုန်းဟာလည်း ဓာတုပစ္စည်းတစ်မျိုးပါပဲ။ ဟိုမုန်းဆိုတဲ့ အဓိပ္ပါယ်ကို ပိုစ့်တစ်ခုပေးပြီး သတ်သတ် ရှင်းလင်းပေးပါ့မယ်။

ဟိုမုန်းတွေထဲမှာမှ အစာအိမ်ရဲ့ အောက်မှာ ကပ်လျက် တည်ရှိနေတဲ့ ပန်ကရိယ (မြန်မာလို သရက်ရွက် လည်းခေါ်တတ်တယ် အင်္ဂလိပ်ဆေးစကားလုံးနဲ့ pancreas ပါပဲ) ရဲ့ ဘီတာဆဲလ်( beta-cell)က ထုတ်တဲ့ အင်ဆူလင်(INSULIN) ဟိုမုန်း ဟာ အရေးကြီးပါတယ်။

ဆီးချိုဆိုတဲ့ အဓိပ္ပါယ်ကို ပြန်ကောက်ရရင် ရှေးကမြန်မာပြည်မှာ ပြောသလို ဆီးတွေ ချိုနေတယ်ရယ် လို့ပြောရင် မမှန်တော့ပါဘူး။ အရင်တုန်းကတော့ ဆီးသွားရင် ပရွက်ဆိတ် တက်နေတာမျိုးကို ဆီးချိုရယ်လို့ အရေးတယူ ပြောခဲ့ကြရတဲ့ ခေတ်ရှိဖူးပါတယ်။ အခုတော့ ပိုကောင်းကောင်းနဲ့ ပိုမှန်မှန်ကန်ကန် သိနေပါပြီ။ ဆီးချိုဆိုတာဟာ ခန္ဓာကိုယ်မှာရှိတဲ့ အင်ဆူလင်ဟိုမုန်း ထုတ်လုပ်မှု ချို့ယွင်းနည်းပါးသွားတာ ဒါမှမဟုတ် အင်ဆူလင်ဟိုမုန်းရဲ့ အစွမ်းသတ္တိ ချို့ယွင်း နည်းပါးသွားတာကို ခေါ်ဝေါ်တာပါပဲ။

လူတစ်ဦးရဲ့ ဆီးချိုရောဂါဟာ အင်ဆူလင်ဟိုမုန်း ထုတ်လုပ်မှု ချို့ယွင်းနည်းပါးမှုကြောင့် ဖြစ်ခဲ့ရင် အဲဒီဆီးချိုကို ဆီးချိုအမျိုးအစား-၁ လို့ခေါ်ပါတယ်။ တကယ်လို့ အင်ဆူလင် ဟိုမုန်း ပုံမှန်ထုတ်ပါလျက် အင်ဆူလင် ဟိုမုန်းရဲ့ အစွမ်းသတ္တိ ထိရောက်စွာ မပြနိုင်တာကြောင့် ဆီးချိုဖြစ်ရတာမျိုးဆိုရင် ဆီးချိုအမျိုးအစား-၂ လို့ခေါ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ဝန်ကြောင့်ဖြစ်သော ဆီးချို (Gestational DM)ပါပဲ။ အင်ဆူလင် ထုတ်လုပ်မှုနည်းပါးတာပဲဖြစ်ဖြစ် အင်ဆူလင် အစွမ်းသတ္တိမပြနိုင်တာပဲဖြစ်ဖြစ် နှစ်မျိုးစလုံးဟာ သွေးထဲ က သကြားဓာတ် ပမာဏကို တက်စေပါတယ်။ သွေးထဲက သကြားဓာတ် ပမာဏကို တက်စေရင်းနဲ့ အဓိကရောဂါ လက္ခဏာတွေ ဖြစ်ပေါ်ပါတယ်။

အဲဒါတွေကတော့ ဆီးသွားတာများခြင်း၊ ဆီးသွားများလို့ ရေငတ်ခြင်း ရေအများအပြားသောက်ခြင်း၊ အမြင်အာရုံ ကျဆင်းေ၀၀ါးခြင်း၊ အကြောင်းမဲ့ ပိန်ခြင်း၊ မအီမသာဖြစ်ခြင်း နဲ့ အခြားလက္ခဏာတွေ ပဲဖြစ်ပါတယ်။

ဘယ်ဆီးချိုအမျိုးအစားကိုမဆို ဝေဒနာ မခံစားရအောင် ထိန်းချုပ်ကုသ နိုင်ပါတယ်။ ၁၉၂၁ မှာ အင်ဆူလင် ပေါ်လာကတည်းက ကုသနေပါတယ်။ ဒါပေမဲ့ အရှင်း ပျောက်ကင်းအောင် ကုသဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ဆီးချိုအမျိုးအစား -၁ မှာတော့ အင်ဆူလင် ထိုးခြင်း၊ အင်ဆူလင်ပမ့် နဲ့ကုသခြင်း စတာတွေနဲ့ ရောဂါ ဝေဒနာတွေ မခံစားရဘဲ နေ့စဉ် လုပ်ငန်းဆောင်တာ တွေကို အများနည်းတူ ဆောင်ရွက်နိုင်အောင် ထိန်းသိမ်းကုသနိုင် ပါတယ်။ အမျိုးအစား၂ မှာတော့ အစားအသောက် ထိန်းသိမ်းမှုပိုင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း အပိုင်းနဲ့ သောက်ဆေးနဲ့ ကုသခြင်း အပိုင်း၊ အင်ဆူလင် နဲ့ ကုသခြင်း အပိုင်းများနဲ့ ထိန်းချုပ် ကုသနိုင်ပါတယ်။

ဆီးချို နဲ့ သူ့ကိုကုသတဲ့ ကုထုံးတွေကြောင့် ရောဂါ နောက်ဆက်တွဲတွေ ရှိလာတတ်ပါတယ်။ ဥပမာအားဖြင့် အချိန်တို အတွင်း( မိနစ်ပိုင်းမှ နာရီပိုင်း ရက်ပိုင်းအတွင်း) ဖြစ်တတ် တဲ့ နောက်ဆက်တွဲ ရောဂါ အဆစ်ကလေးတွေကတော့ သွေးထဲက သကြားပမာဏ ရုတ်တရက် အလွန်အမင်း ကျဆင်းသွားတာ မျိုး၊ ကီတုန်း လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေ ထွက်ပြီး ခန္ဓာကိုယ် မှာ အက်ဆစ် ဓာတ်တွေ များတာ၊ အက်ဆစ်ဓာတ်မများပဲ ကိုယ်ခန္ဓာရေဆွဲအား တက်လာလို့ ကိုမာ(Coma)လို့ခေါ်တဲ့ ကြာရှည်စွာ သတိမေ့မြောရောဂါ ဖြစ်တာ ဒါမျိုးတွေပါပဲ။

အက်ဆစ်မများဘဲ ရေဆွဲအားများလို့ ကိုမာ ဖြစ်တာနဲ့ အက်ဆစ်ဓာတ်များ တာမျိုးကတော့ သေသေချာချာ ထိရောက်တဲ့ ကုသမှုကို မယူရသေးလို့ ဖြစ်တယ် ဆိုနိုင်ပါတယ်။

ရောဂါကြောင့် ဖြစ်တဲ့ အချိန်ကြာမှ ပေါ်တတ်တဲ့ (နှစ်ပေါင်းများစွာ အထိ ကြာတတ်တယ် ) နောက်ဆက်တွဲ ရောဂါတွေကတော့ နှလုံးနဲ့ သွေးကြော ဆိုင်ရာရောဂါတွေ၊ ကျောက်ကပ် ပျက်ဆီးတာတွေ၊ ကျောက်ကပ် လုံးဝ အလုပ်မလုပ်နိုင်တော့ တာတွေ၊ မျက်လုံး အတွင်းဘက်ကျကျက ရက်တီနာ လို့ခေါ်တဲ့ အမြင်လွှာစုစည်းတဲ့ အာရုံခံ ပစ္စည်း ပျက်စီးတာတွေ၊ ခန္ဓာကိုယ် အနှံ့က ပူအေးထိတွေ့ စတာကိုသိတဲ့ အာရုံကြောနဲ့ ကိုယ်လက် လှုပ်ရှားမှုကို ထိန်းတဲ့ အာရုံကြောတွေ ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။

နောက်တော့ အနာကျက်တာနှေး တာတွေ၊ အမျိုးသားတွေမှာ ပန်းသေပန်းညှိုး တာတွေ ဖြစ်နိုင်ပါတယ်။

ခြေထောက်တွေမှာ အနာကျက် နှေးတဲ့ အတွက် ပုပ်တာတွေ ဘာတွေအထိဖြစ်ပြီး ခြေထောက် ဖြတ်ပစ်ရတာ မျိုးတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ ဆီးချို ကုသမှုနဲ့ သွေးတိုးကိုလည်း ထိန်းသိမ်း အနေအထိုင် ဘ၀၀န်းကျင်ကိုလည်း ကောင်းအောင်မွန်အောင် ပြောင်းလိုက်နိုင်ရင် (ဥပမာ ဆေးလိပ် ဖြတ်တာတို့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်း နိုင်တာတို့) လုပ်နိုင်ရင် ခုနက ပြောခဲ့တဲ့ အချိန်ကြာမြင့်မှ ပေါ်ပေါက်မဲ့ ရောဂါ နောက်ဆက်တွဲ တွေကို အထိုက်အလျောက် တားဆီးနိုင်ပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေ မှာတော့ ဆီးချိုဟာ လူလတ်ပိုင်း အရွယ်တွေ မျက်စိကွယ်ရခြင်း  ရဲ့ အဓိက အကြောင်းအရင်း ဖြစ်နေပြီးတော့ ထိခိုက် ဒဏ်ရာ တစ်စုံတစ်ရာ မဖြစ်ဘဲ ခြေထောက်ဖြတ်ပစ်လိုက် ရတာရဲ့ အဓိက အကြောင်း အရင်းလည်း ဖြစ်လို့နေပြန်ပါတယ်။

အမေရိကန်နိုင်ငံ မှာတော့ ဆီးချိုကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောဂါဟာ ဒိုင်ယာလက်ဆစ် (DIALYSIS) လို့ခေါ်တဲ့ သွေးအတွင်း ဓာတုပစ္စည်းတွေကို အပြင်က ဓာတုပစ္စည်းတွေနဲ့ ဖလှယ် ကုသရတဲ့ ငွေကုန်တဲ့ ကုထုံးရဲ့ အဓိက အကြောင်းရင်း ရောဂါ ကြီး ဖြစ်လို့နေပါသတဲ့..။

ဆက်ရန်…

ကျမ်းကိုး

လောလောဆယ် မဖော်ပြနိုင်သေး။

ဒေါက်တာလွမ်းဝေ

Comments
  1. စောင့်ဖတ်နေပါတယ်။ ကျေးဇူးလဲ တင်တယ် အလှတရားနဲ့ ဒေါက်တာလွမ်းဆွေကိုပါ။
    ဆီးချိုစာအုပ်တွေ အများကြီး ရှိပါတယ်။ လက်ဆောင်တွေလဲ ပေးကြတယ်။ ဒါပေမဲ့ သိပ်မဖတ်ဖြစ်ဘူး။ များလွန်းလို့ ဟုန်သွားတာလား မသိ။ အခုတော့ ဖတ်ဖြစ်ပါပြီ။
    တို့က type 1 အမျိုးအစားပါ။ မျိုးရိုးကြောင့်ဖြစ်ပြီး အင်ဆူလင် မထုတ်တော့သလောက်ပါ။ နောက်ဆက်တွဲ ရောဂါတွေလဲ ဖြစ်နေပါပြီ။ အသက် ၃၅မှာ ကျောက်ကပ် ပျက်နေပြီ။ ကျောက်ကပ်ဆေး သောက်နေရပြီ။ အနာကျက်ခဲတယ်။ မျက်စိ ၀ါး တယ်။ ငယ်ငယ်ကတည်းက ဖြစ်နေတာ သိတာက အသက် ၂၅နှစ်ကျော်မှပဲ။ အဲဒီတော့ စောစော ကျောက်ကပ်ပျက်တာ မဆန်းတော့ဘူး။ အတက်အကျ အရမ်းမြန်တယ်။ အခု အင်ဆူလင် နေ့တိုင်းထိုးတယ်၊ ဆီးချိုဆေး ၃မျိုး၊ ကျောက်ကပ်ဆေး ၁မျိုး တနေ့ ၂ကြိမ် သောက်ပါတယ်။ အစားအသောက် ထိန်းပါတယ်။ ဒါပေမဲ့ အင်ဆူလင် မှ မထုတ်တာ ဘယ်တတ်နိုင်ပါ့မလဲ။ နေလို့တော့ ကောင်းပါတယ်။
    ဗဟုသုတ ရတဲ့အပြင် ကိုယ်နဲ့လဲ တိုက်ရိုက်ဆိုင်တာမို့ favourite ထဲ ထည့်လိုက်ပါပြီ။
    ကျေးဇူးတင်လျက်
    မိုးချိုသင်း

  2. နေအုံး..ဒီဘလော့ဂ်လုပ်တဲ့ အလှတရားဆိုတာ ဒေါက်တာ လွမ်းဝေ လား။ ဒေါက်တာ လွမ်းဆွေနဲ့ ညီအကိုပေါ့။ စာတော်တာ နံမည်ကြီးပဲ။ တို့ကျောင်းသားမှာ စာစီစာကုံး ဆုအမြဲရသူတွေမဟုတ်လား။ မှတ်မိသွားပြီ။ ကျေးဇူးတင်တာ ညီအကိုချင်း မှားသွားတယ်။ အမက ဒေါက်တာလွမ်းဆွေ ရေးတာကို ဖော်ပြတယ် ထင်လို့ပါ။ ဆောရီးနော်..

  3. အိမ်းးးး တော်ပါပေတယ်.. ဆီးချိုအထူးကုဆရာဝန်ကြီးရေ…
    အစ်မကတော့ ဆီးချိုဖြစ်ရင် မျိုးရိုးမရှိတော့ ဒုတိယအမျိုးအစားနဲ့ ဖြစ်နိုင်
    တယ်..တော်တော်ဇိမ်ကျတာလေ.. 😀

    အစ်မက.အချိုအရမ်းကြိုက်…အခုတောင် မစားရတာကြာပြီဖြစ်တဲ့.. မလိုင်လုံး ၊ ရွှေပုဇွန်မလိုင်မုန့် ၊ ကုလားမုန့်တွေ အရမ်းစားချင်နေတာ…
    အချိုစားတာနဲ့ ဆိုင်လား.. ဖြစ်ချိန်တန်ရင်ဖြစ်လိမ့်မယ်.. စားချင်တာတော့
    စားဦးမှာပဲ.. 😀

  4. လေ့လာမှတ်သားစရာ–
    ဆေးပညာ ဗဟုသုတတွေပါ–

  5. Dr.lwanwai says:

    မချိုသင်းရေ ဝေဒနာအပေါ် ယောနိသော မနသိကာရ ရှုမြင်နိုင်တဲ့ ပုဂ္ဂိုလ်နဲ့တူပါတယ်။ မချိုသင်းဆီကလည်း ဆီးချိုနဲ့ပတ်သက်လို့ တစ်ချိန်မှာ အကူအညီ ပြန်တောင်း ရနိုင်ပါတယ်။ အခုကတော့ ပညာဆည်းပူးဆဲပါပဲ။ ဒေါက်တာလွမ်းဝေ ဆိုတာကတော့ ကလောင်အမည်ပါ။ နာမည်အရင်းမဟုတ်ပါဘူး။ ဒါကြောင့် ဒေါက်တာ လွမ်းဆွေ ညီလည်းမဟုတ်ရပါဘူး။ အခုရေးသားတဲ့ ရည်ရွယ်ချက်ကတော့ MOE မှာလည်း တစ်ထောင့်လောက်ဖြည့်ပေးချင်လို့ပါ။

    ဦးဆုံးဖွင့်ပွဲလာတက်ကြတဲ့ မသက်ဇင် မမ၀ါနဲ့ မချိုသင်းတို့ကို ကျေးဇူးအထူး တင်ကြောင်းးးး

  6. thinker says:

    ကောင်းတယ် ဒေါက်တာ
    ကျုပ်ကလည်း ဝီကီမြန်မာ (MOE) နဲ့ မြန်မာဝီကီမှာ တင်ဖို့ရာ ပညာရှင်တွေ လိုက်ချောင်းနေတာ။

    သင်ကာ

  7. ကျေးဇူးပါပဲ ဒေါက်တာရေ…. သိသင့်တာတွေ သိရတယ်… 🙂

  8. hninsinet13 says:

    ဆီးချိုရောဂါအကြောင်းလေ့လာသွားပါတယ် မှတ်သားသွားပါတယ်….

  9. မြတ်သွယ် says:

    အဖိုးတန်တဲ့ ဗဟုသုတ၊ ကျန်းမာရေးဆိုင်ရာတွေကြောင့် ကျေးဇူးတင်ပါတယ်
    နောက်ပိုင်းတော့ ဇိမ်ကျကျနေထိုင်လို့ ဖြစ်တော့ဝူးရယ် ဟီးးး
    ဆက်ရန်ကိုမျှော်နေပါတယ်း)

  10. Army Soul says:

    ဆီးချိုရောဂါဖြစ်နေပြီဆိုသောလူတစ်ယောက်၏ အခြေခံသိနိုင်သော လက္ခဏာများကိုလည်း သိခွင့်ရှိမလား။ အရပ်ထဲမှာက အစားကို စားပြီးရင်းစားချင်ဖြစ်နေတာ၊ ဗိုက်ကပြည့်နေသည့်တိုင် စိတ်ကစားချင်နေသေးခြင်း စသည့်လက္ခဏာများသည် ဆီးချိုဖြစ်ရန်လက္ခဏာများဖြစ်သည်ဟု ပြောကြပါသည်။ မှန်ပါသလား။ ဖြေကြားပေးပါရန်လေးစားစွာ တောင်းဆိုပါသည်။

    • Dr.lwanwai says:

      အဲဒါကတော့ ဆီးသွားတာများတာ ရေသောက်တာများတာလောက်တော့ အဖြစ်မများလှဘူး။ ဒါပေမဲ့ အားလုံးဖြစ်နိုင်တယ် ။ ရောဂါလက္ခဏာခန်းကို ကျနော်နောက်တော့ ရေးပါ့မယ်။ ဖတ်ကြည့်ပြီး တိုက်ဆိုင်တာများရင် သွေးထဲက သကြားပမာဏကို စစ်ကြည့်ရမယ်။ သကြားဓာတ်ပမာဏကို စစ်တာဟာ ကျပ်တစ်ထောင်ထက် ပိုပြီး မကုန်ကျနိုင်ဘူးထင်ပါတယ်။ ပထမ အကြိမ် မှာတော့ ဆရာဝန်ကိုပြသပြီးမှ စစ်ဆေးရမယ်။ ဒီရောဂါက မြန်မြန်နဲ့ ထိထိရောက်ရောက် ကုသဖို့လိုပါတယ်။ မကုတဲ့လူနဲ့ ကုတဲ့လူနာ သိပ်ကွာတယ်။

  11. Nandar says:

    ကျေးဇူးဘဲဒေါက်တာရေ။ ကျွန်မအဖေက နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ် တာရော ဖြစ်တဲ့ History ကရှိပြီးသားပါ၊ မျက်စိခွဲဖို့ပြင်ဆင်ချိန်ကျမှ ဆီးချိုရှိမှန်းသိရပါတယ်။ အခုတော့ သူ့ကိုတစ်ပတ်တစ်ခါ Gluco-meter နှင့်တိုင်းပါတယ်။ အများအားဖြင့် ၁၄၀ ကျော်တက်ပါတယ်။ အဲဒါစိုးရိမ်စရာများ ရှိပါသလားရှင့်။ ကျန်းမာရေးအတွက် ကတော့ သူနေ့တိုင်း Gym ကိုသွားပြီး တစ်နာရီကျော်ကစားပါတယ်။ ခြောက်ဆယ်ကျော် အဘိုးကြီး ဆိုတော့ လူငယ်တွေလိုတော့ မဖြတ်လတ်ပေမယ့် အိပ်ရာထဲတော့ လဲမနေပါဘူး၊ မိဘဖြစ်တဲ့အတွက် သက်တမ်းစေ့တော့ အသက်ရှည်စေချင်ပါတယ်ရှင်။
    ဖြေကြားပေးပါအုံးနော်။

    နန္ဒာ

  12. Indrew says:

    ဆီးချို၊နှလုံး၊သွေးတိုး၊လေဖြတ်က ဆက်စပ်ပါတယ်။ မျက်လုံးမှာ တိမ်ဖြစ်တာနဲ့ ရက်တီနာမှာ သွေးကြောပြဿနာတွေ ဖြစ်တာလည်း ဆက်စပ်ပါတယ်။
    မနန္ဒာအဖေရဲ့ အစာမစားမီ သွေးအတွင်းသကြားဓာတ်ပမာဏက(Fasting blood glucose က ၁၁၀ မီလီဂရမ်ပါလီတာလောက်ရှိဖို့သင့်ပါတယ်။

    ဆီးချိုကို ထိန်းဖို့ အစားအသောက်၊ အားကစား၊ ဆီးချိုသောက်ဆေး၊ အင်ဆူလင် လေးနည်းရှိပါတယ်။ အစားအသောက် အားကစားနဲ့ ထိန်းရုံနဲ့ ဆီးချိုကို ထိန်းနိုင်တာတွေလည်း ရှိပါတယ်။ အစားအသောက်မှာ ရှောင်ကြဉ်ရမဲ့အစားအသောက်နဲ့ ချွင်းချက်နဲ့ ရှောင်ကြည်ရမဲ့ အစားအသောက်တွေကို ယခုလောလောဆယ် သိဖို့ လိုပါတယ်။ အောက်ပါလင့်ခ်မှာ ကြည့်ရှုပါ။
    https://mmendocrinology.wordpress.com/about/ ဒါပေမဲ့ အစားအသောက်ကို အသေးစိတ်ညွှန်ကြားတွက်ချက်ဖို့ အစားအသောက်ဆရာဝန် ဒါမှမဟုတ် ဆီးချိုဆရာဝန်ကို ပြဖို့လိုပါတယ်။ ကယ်လိုရီ၊ Glycemic index နဲ့ တစ်နေ့တာလိုအပ်တဲ့ ကာဘိုဟိုက်ဒရိတ်ပမာဏ တွေကို လူတစ်ဦးချင်းရဲ့ မိသားစုပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် တွက်ချက်ဖို့က နည်းနည်းရှုပ်ပါတယ်။

    အားကစားကတော့ တစ်နေ့ ၁ နာရီ၊ တစ်ပတ် သုံးကြိမ် လုပ်ဖို့လိုပါတယ်။ လေကောင်းလေသန့်ရတဲ့ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတာမျိုးဖြစ်ပါတယ်။ အားကစားလုပ်ရင် အသက်ကြီးသူတွေမှာ သကြားဓာတ်ပမာဏ အလွန်အမင်းကျသွားခြင်း (hypoglycemia) ဖြစ်တတ်ပါတယ်။ အင်ဆူလင်ထိုးနေရရင် ပိုဖြစ်နိုင်ပါတယ်။ အားကစားမလုပ်ခင် နာရီဝက်အလိုမှာ အစားနည်းနည်း စားဖို့လိုပါတယ်။ လုပ်ပြီးရင်လည်း နည်းနည်းစားဖို့လိုပါမယ်။ လိုအပ်ရင် အားကစားမလုပ်မီမှာ ဂလူကိုမီတာနဲ့ သွေးဖောက်ကြည့်ပြီး သကြားပမာဏ တိုင်းတာသင့်တယ်။

    အစားအသောက်၊ အားကစားနဲ့ ၃ လလောက် ထိန်းပြီး ဆီးချိုကို သတ်မှတ်ထားတဲ့ ရည်မှန်းချက်ရေက်အောင် မထိန်းနိုင်ရင် ဆီးချိုသောက်ဆေး စတင်ပေးရပါမယ်။ မရသေးရင် အင်ဆူလင်ထိုးဆေးကို စတင်ရပါမယ်။

    ကျောက်ကပ်၊အာရုံကြော၊ခြေထောက်နဲ့ lipid profile တွေကို စစ်ကြည့်ဖို့လိုမယ်။ သွေးတိုးအတွက် သောက်နေကျဆေးတွေကို သောက်ပြီး ၁၃၀/၈၅ mmHg လောက်ရောက်အောင် ထိန်းထားသင့်တယ်။ နှလုံးသွေးကြောကျဉ်းအတွက် သောက်နေကျဖြစ်တဲ့ asprin စတဲ့ဆေးတွေ ဆက်သောက်ဖို့လိုမယ်။ ကျောက်ကပ်ကို ထိန်းသိမ်းပေးမဲ့ ဆေးတွေသောက်ဖို့ လိုကောင်းလိုပါမယ်။ ခြေထောက်ကို စစ်ဆေးပြီး ခြေထောက်ကို ဂရုစိုက်တဲ့ နည်းတွေ ပြောပြဖို့ လိုကောင်းလိုပါမယ်။ မျက်စိအတွက် မျက်စိဆရာဝန်နဲ့ ပုံမှန်ပြသဖို့ လိုပါမယ်။

    ဆီးချိုကို ကောင်းကောင်း ထိန်းနိုင်ရင်တော့ ခွဲစိတ်တာတွေလည်း အန္တရာယ်ကင်းစွာ လုပ်နိုင်ပါတယ်။ (မျက်လုံးကိုလည်း ခွဲလို့ရပါမယ်။)

    သတိထားရမှာက
    ဆီးချိုအလွန်အမင်းတက်ခြင်း (ကောင်းမွန်စွာ ကုသမှုမယူရင် ဖြစ်တတ်ပါတယ်။)
    ဆီးချိုအလွန်အမင်း ကျဆင်းခြင်းတွေဖြစ်ပါတယ်။

    (ဖြေကြားထားတာတွေက အကြမ်းဖျင်း ပါ။ မိသားစုဆရာဝန် ဒါမှမဟုတ် ဆီးချိုအထူးကုဆရာဝန် ရဲ့ အသေးစိတ် အကြံပြုချက်မရရှိဘဲ မိမိဘာသာထိန်းသိမ်းတာဖို့ မလွယ်ကူပါ။ အကြံပြုချက်တွေနဲ့ ကုသမှုတွေရရင်တော့ မနန္ဒာရဲ့အဖေအတွက် အလွန်အကျိုးရှိသွားပါမယ်။ ဆီးချိုဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းပါတယ်။)

    Dr.Lwanwai

  13. ချို says:

    ကျွန်မ အမျိုးသားကဆီးချိုလို့စသိချိန်မှာ ၃၅၅၇ှိပါတယ်စိုးရိမ်ရပါသလား အခုဆေးစသောက်နေပါတယ် မျိုးရိုးမ၇ှိပါ အချိုရည်တအားသောက်ပါတယ် အပြင်စာစားရတာများပါတယ် ခရီးအမြဲထွက်နေရသူပါ စိတ်လဲအတော်ပူပါတယ် ခရီးထွက်နေတော့ အစားအသောက်လဲ ဂရုမစိုက်နိုင်မှာစိုးရိမ်ပါတယ်..
    မနက်အစာမစားမှီစစ်ကြည့်ရင် ၂၄၅ရှိပါတယ် ခ၇ီးထွက်ရင်ဘယ်လိုတွေလုပ်သင့်လဲသိချင်ပါတယ်.. ဘာဖြစ်နိုင်လဲဆိုတာလေးလဲသိချင်လို့ပါ …

  14. aung ko says:

    ကျွန်တော်အဖေက ဆီးချိုဖြစ်တာ ခြေထောက်တွေ တဆစ်ဆစ်ကိုက်နေတာ၊ အစားအသောက်လည်းပျက်တယ်
    ပိန်လည်းပိန်သွားတယ်။ ဘာလုပ်ရမလဲ လမ်းညွှန်ပေးလားဆရာ။

Leave a reply to Indrew Cancel reply